နှစ်အလိုက်စွမ်းဆောင်ရည်ပြန်လည်သုံးသပ်ခြင်း (Annual Performance Review – APR) နှင့် နှစ်အလိုက်ဘဏ္ဍာငွေပြန်လည်သုံးသပ်ခြင်း (Annual Budget Review – ABR) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

ပညာရေးဝန်ကြီးဌာန၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနသည် 
(၁) အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)   မဟာဗျူဟာများနှင့် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေကို ပြန်လည်သုံးသပ်နိုင်ရန်၊
(၂) ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် အဓိကဦးစားပေးလုပ်ငန်းများကို ဖော်ထုတ်သတ်မှတ်နိုင်ရန်၊
(၃) ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြုလုပ်မည့် Mid-term Review မတိုင်မီ NESP လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်မှု တိုးတက်စေရန်နှင့်
(၄)  စီမံကိန်းကာလအတွင်းနှင့် ကာလအပြီးရလဒ်များ ပေါက်မြောက်အောင်မြင်နိုင်စေရန်အတွက် အကြံပြုချက်များရရှိနိုင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် နှစ်အလိုက် စွမ်းဆောင်ရည်ပြန်လည်သုံးသပ်ခြင်း (Annual Performance Review – APR) နှင့် နှစ်အလိုက် ဘဏ္ဍာငွေပြန်လည်သုံးသပ်ခြင်း (Annual Budget Review – ABR) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၊ ရုံးအမှတ် (၁၃) နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။  အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ခေတ္တညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
             အလုပ်ရုံဆွေးနွေးပွဲတွင် ဝန်ကြီးရုံးဌာနခွဲများအပါအဝင် ဦးစီးဌာနများနှင့် Naypyitaw State Academy တို့က အုပ်စုဖွဲ့ဆွေးနွေးခြင်းကို အပိုင်း (၁)    ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည့် လုပ်ငန်းအောင်မြင်မှုများကို ပြန်လည်သုံးသပ်ခြင်း၊ ဆောင်ရွက်နိုင်ခြင်းမရှိသေးသော လုပ်ငန်းများနှင့် မဆောင်ရွက်နိုင်သည့် အကြောင်းရင်းများကို ဆွေးနွေးဖော်ထုတ်ခြင်း၊ အပိုင်း (၂) လုပ်ငန်းအစီအစဉ်တစ်ခုစီအတွက် အမှတ်များ သတ်မှတ်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းကာလတွင်းရလဒ်များ (၅ နှစ်) ကို ပေါက်မြောက်အောင်မြင်နိုင်မှုအခြေအနေကို ဖော်ထုတ်ခြင်း၊ အပိုင်း (၃)  ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အဓိကဦးစားပေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေကို ဆွေးနွေးခြင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အဓိက ဦးစားပေးလုပ်ငန်းများကို သတ်မှတ်ဖော်ထုတ်ခြင်းနှင့် ကြုံတွေ့နိုင်မည့်အခက်အခဲများကို ဆွေးနွေးဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။